ကန့်ကွက်မှုတွေကြားက နမ္မတူရေကာတာစီမံကိန်းကို ဆက်လက်လုပ်ဆောင်နေ

ကန့်ကွက်မှုတွေကြားက နမ္မတူရေကာတာစီမံကိန်းကို ဆက်လက်လုပ်ဆောင်နေ

ဒေသခံလူထုတွေ ကန့်ကွက်နေကြတဲ့ကြားက နမ္မတူ ရေကာတာ စီမံကိန်းကို “ဝ”ပြည်တပ်မတော် (UWSA)ရဲ့ ကုမ္ပဏီတစ်ခုက ဦးဆောင်ပြီး ဆက်လုပ်နေတယ်လို့ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုအဖွဲ့ (SSFIM)က မေလ ၁၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ရှမ်းမြောက် သီပေါမြို့ရဲ့မြောက်ဘက် နမ္မတူမြစ်ပေါ်မှာ မက်ဂါဝပ်(၂၁၀) လျှပ်စစ်ဓာတ်အား ထုတ်ပေးမယ့် ၎င်းရေကာတာကို လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

စီမံကိန်းကို ဆောင်ရွက်ဖို့ UWSA ပိုင် NCEH ကုမ္ပဏီနဲ့ စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ဓာတ်အားဦးစီးဌာနက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဧပြီလ နေပြည်တော်မှာ လက်မှတ် ရေးထိုးခဲ့ပါတယ်။

နမ္မတူမြစ် ကယ်ဆယ်သူများမှ ပြောရေးဆိုခွင့်ရှိသူ ​နန်းမိုဆိုင်က “ရေကာတာ လုပ်လိုက်ရင်လည်း ဒေသခံတွေအတွက် ဘာအကျိုးမှမရှိဘူး။ လျှပ်စစ်မီးတော့ ရမယ်ပေါ့။ ဒါပေမဲ့ အဲလျှပ်စစ်မီးကို ဒီဒေသတွေ သုံးခွင့်ကော ရှိလို့လား။ ကျမတို့အနေနဲ့ဆို ဒီမြစ်ကို လွတ်လွတ်လပ်လပ် စီးဆင်းစေချင်တယ်” လို့ ပြောပါတယ်။

စီမံကိန်းနဲ့ ပတ်သက်ပြီး ရှမ်းပြည်အတွင်းမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို အိတ်ဖွင့်စာ ပို့ပေးထားတာရှိပြီး ထူးခြားတဲ့ တုံ့ပြန်မှု မရှိလာသလို လက်ရှိ UWSA ပါဝင်လုပ်ဆောင်နေတာကို ကြားသိရတဲ့အချိန်မှာ ပိုပြီးအားကိုးရာမဲ့ ဖြစ်သွားတယ်လို့ သူမက ဆိုပါတယ်။

လုပ်ငန်းတွေကို ၂၀၁၉ ခုနှစ်က စတင်လုပ်ဆောင်နေကြပြီး ၂၀၂၂ ခုနှစ်မှာ စာချုပ် စချုပ်ပြီးတော့ တရုတ်စကားပြော အလုပ်သမား ရာနဲ့ချီ ရောက်လာပြီးတော့ လက်ရှိအချိန်ထိ မြေတူး၊ မြေဖို့တာနဲ့ စက်ပစ္စည်းတွေ နေရာချတာ လုပ်ဆောင်နေကြပြီလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရတယ်လို့ ရေးသားထားပါတယ်။

နမ္မတူ ရေကာတာ စီမံကိန်းဟာ ဒေသခံတွေအတွက် အကျိုးမရှိဘဲ ​မြန်မာ-တရုတ် ရထားလမ်းအတွက်သာ အကျိုးဖြစ်ထွန်းစေမှာဖြစ်တယ်လို့ SSFIM ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခမ်းလှူက ထောက်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်ကလည်း ရေကာတာနဲ့ပတ်သက်ပြီး ရှမ်းအရပ်ဖက် အဖွဲ့အစည်းက ရှမ်းပြည်အတွင်းမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို အိတ်ဖွင့်စာ ပေးပို့ခဲ့ပြီး ရေကာတာလုပ်ငန်းကို တားဆီးပေးဖို့၊ ဒေသခံနဲ့အတူ ရပ်တည်ပေးဖို့ တောင်းဆိုခဲ့ဖူးပါတယ်။

နမ္မတူ ရေကာတာ တည်ဆောက်တာ ရပ်ပေးဖို့ ဒေသခံလက်မှတ် (၁,၈၀၀)ကျော်နဲ့ အိတ်ဖွင့်စာကို ၂၀၂၀ ခုနှစ်က နိုင်ငံတော်အတိုင်ပင်ခံရုံးသို့ ပို့ပေးခဲ့ဖူးပါတယ်။

နမ္မတူမြစ်ပေါ် တည်ဆောက်ဖို့ စီစဥ်ထားတဲ့ ရေကာတာ ၅ ခုထဲက ၃ ခုမြောက်ရေကာတာဟာ နမ္မတူ ရေကာတာ ဖြစ်တယ်လို့ သိရပါတယ်။

Shwe Phee Myay News Agency

Shan State Frontline Investment Monitor

Save Namtu River

Leave a comment